ပုံပြင်နားထောင်ရခြင်းကနေ ပူတူးလေးတွေရရှိမယ့် အကျိုးကျေးဇူး (၁၀) ခု

ပုံပြင်ပြောပြခြင်းဟာ ပူတူးလေးတွေကို အပျင်းပြေစေသလို မေမေနဲ့ပူတူးလေးတွေကြားမှာလည်း ရင်းနှီးမှု ပိုမို ရရှိလာစေပါတယ်။ ဒါ့ပြင် အဲဒီထက်ပိုတဲ့ တခြားအကျိုးကျေးဇူးတွေလည်း ရှိပါသေးတယ်။ အဲဒါကြောင့် ပူတူးလေးတွေကို ပုံပြင်ပြောပြခြင်းကနေရရှိမယ့် အကျိုးကျေးဇူးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။


၁။ ပုံပြင်ထဲကအကြောင်းအရာတွေဟာ ပူတူးလေးတွေအပေါ်အများကြီး သက်ရောက်မှုဖြစ်စေပါတယ်။ ပုံပြင် တွေကနေတဆင့် ရိုးသားဖြောင့်မတ်မှု၊ သစ္စာတရားနဲ့ ကျေးဇူးသိတတ်ခြင်း အစရှိတဲ့ စိတ်ထားလေးတွေဟာ သူတို့လေးတွေရဲ့ စိတ်ထဲမှာ အရိုးစွဲသွားနိုင်ပါတယ်။

၂။ ပူတူးလေးတွေအနေနဲ့ ပုံပြင်ထဲမှာပါဝင်တဲ့ သမိုင်းကြောင်းနဲ့ ယဉ်ကျေးမှုဓလေ့စရိုက်တွေကိုလည်း ရင်းနှီး လာနိုင်ပါတယ်။ ဥပမာနိုင်ငံခြားတိုင်းပြည်တွေအကြောင်းဆိုရင်လည်း ပုံပြင်ထဲမှာပါသလောက် အဲဒီနိုင်ငံ အကြောင်းကို သူတို့လေးတွေ သိရှိနားလည်လာမှာပါ။


၃။ ပုံပြင်ကို နားစိုက်ထောင်ရာကနေတဆင့် ပူတူးလေးတွေရဲ့ နားထောင်နိုင်စွမ်း၊ နားလည်နိုင်စွမ်းနဲ့ အာရုံစိုက် နိုင်စွမ်းတို့လည်း တဖြည်းဖြည်းတိုးတက်လာမှာ ဖြစ်ပါတယ်။

၄။ ပုံပြင်တွေနားထောင်ခြင်းကနေတဆင့် ပူတူးလေးတွေရဲ့ သိလိုစိတ်ကို နှိုးဆွပေးနိုင်ပါတယ်။ ပုံပြင်တွေကို နားထောင်နေရင်းနဲ့ သူတို့မသိတဲ့အရာတွေ၊ သိချင်တဲ့အရာတွေကို မေးမြန်လာတတ်သလို အဲဒီမေးခွန်းတွေကို ထပ်မံဆင့်ပွားပြီးလည်း မေးမြန်းတတ်ကြတာကြောင့် သူတို့ရဲ့စူးစမ်းချင်စိတ်လေးတွေ တိုးပွားလာတတ်ပါတယ်။


၅။ ပုံပြင်တွေနားထောင်ရာကနေ စိတ်ကူးပုံဖော်တတ်လာစေပါတယ်။ ပုံပြင်နားထောင်နေရင်းနဲ့ ပုံပြင်ထဲက အကြောင်းအရာတွေကို စိတ်ကူးပုံဖော်တတ်လာခြင်းဟာ ပူတူးလေးတွေရဲ့ ဦးနှောက်စွမ်းရည်ကို ဖွံ့ဖြိုးလာစေ နိုင်ပါတယ်။

၆။ ပုံပြင်နားထောင်ရင်းနဲ့ ပူတူးလေးတွေမသိသေးတဲ့ စကားလုံးအသစ်တွေကို သင်ယူနိုင်ပါတယ်။ ပုံပြင်ထဲက သူတို့နဲ့ သိပ်မရင်းနှီးသေးတဲ့ စကားလုံးတွေကနေတဆင့် ဆင့်ပွားပြီး သူတို့ရဲ့စကားအသစ်သင်ယူမှုစွမ်းရည် ပိုတိုးလာနိုင်ပါတယ်။


၇။ ပုံပြင်နားထောင်ရင်းကနေ စိတ်ခံစားချက်တွေလည်း ဖွံ့ဖြိုးလာနိုင်ပါတယ်။ ဝမ်းနည်းစရာရှိရင် ဝမ်းနည်းပြီး ပျော်စရာရှိရင် ပျော်တတ်တဲ့ စိတ်ခံစားမှုလေးတွေ ပိုရလာတတ်ပါတယ်။

၈။ ကိုယ်ချင်းစာတရားကို သင်ယူနိုင်ပါတယ်။ ပုံပြင်ထဲက ဇာတ်ကောင်တွေနဲ့ အကြောင်းအရာတွေကို စာနာ နားလည်ပေးချင်းကနေတဆင့် သူတို့ရဲ့ကိုယ်ချင်းစာနိုင်စွမ်းဟာလည်း ပိုမိုတိုးတက်လာနိုင်ပါတယ်။


၉။ မှတ်ဉာဏ်ပိုကောင်းလာစေပါတယ်။ ပုံပြင်ထဲမှာပါဝင်တဲ့ အကြောင်းအရာတွေ၊ ဇာတ်ကောင်တွေနဲ့ ဇာတ်လမ်းအချိတ်အဆက်တွေကို လိုက်လံမှတ်သားခြင်းက ပူတူးလေးတွေရဲ့ မှတ်ဉာဏ်ကိုပိုကောင်းလာစေ ပါတယ်။ အဲဒီနည်းလမ်းဟာ သူတို့ကိုဉာဏ်ရည်ထက်မြက်ဖို့ လေ့ကျင့်ပေးနိုင်တဲ့ နည်းလမ်းကောင်းတစ်ခုပါပဲ။


၁၀။ ပုံပြင်နားထောင်ခြင်းက ပူတူးလေးတွေရဲ့စိတ်ကို သက်သောင့်သက်သာဖြစ်စေပါတယ်။ ကလေးမှာလည်း ကလေးအလျှောက် စိတ်ဖိစီးမှုဆိုတာ ရှိတတ်ပါတယ်။ ပုံပြင်နားထောင်ရတဲ့အခါ သူတို့ရဲ့စိတ်ဖိစီးမှုလေးတွေ ကင်းစင်နိုင်သလို ပုံပြင်ထဲက စိတ်အားတက်ကြွဖွယ်အကြောင်းအရာတွေကလည်း သူတို့ရဲ့စိတ်ကို အပြောင်း အလဲ ဖြစ်စေပါတယ်။

ကဲ ပုံပြင်နားထောင်ရခြင်းက ပူတူးလေးတွေအတွက် အများကြီးအကျိုးရှိစေတာကြောင့် မေမေတို့အနေနဲ့ ပူတူး လေးတွေကို မကြာခဏပုံပြင်ပြောပြပေးဖို့ မမေ့ပါနဲ့နော်။

Related Articles

အောင်မြင်ကျော်ကြား PuTuu Stars(အပိုင်း-၂၅)

ဗိုက်ထဲကပူတူးလေးရဲ့ အပတ်စဉ် ဖွံ့ဖြိုးမှု

ပုံပြင် အတူတူဖတ်မယ် - ခွေးပညာရှိ

ကဖင်းဓာတ်ကို ကလေးများ သောက်သုံးသင့်သလား

တီတီတာတာစကားတွေပြောတတ်အောင် လေ့ကျင့်ပေးကြမယ်

ပူတူးဦးနှောက်ဖွံ့ဖြိုးရာဝယ်