မိုးရာသီမှာ ပူတူးလေးတွေအတွက်အသုံးဝင်မယ့် မဖြစ်မနေဆောင်ထားသင့်တဲ့ ပစ္စည်း (၇) မျိုး

မိုးရာသီမှာ ကျောင်းသွားရတာပဲဖြစ်ဖြစ်၊ အပြင်ထွက်တဲ့အခါမှာပဲ ဖြစ်ဖြစ် ပူတူးလေးတွေကို ပိုပြီးဂရုစိုက်ပေးဖို့ လိုပါတယ်။ အဲဒါကြောင့် ပူတူးလေးတွေရှိတဲ့ မေမေတိုင်းအတွက် မိုးတွင်းမှာ မရှိမဖြစ်ဆောင်ထားသင့်တာ လေးတွေကို ဖော်ပြပေးချင်ပါတယ်။

၁။ အရည်အသွေးကောင်းမွန်တဲ့ ထီးတစ်လက်


ပူတူးလေးတွေအပြင်ထွက်ရတဲ့အခါ မိုးဒဏ်ကနေကာကွယ်ဖို့အတွက် အခြေအကျဆုံးနဲ့ အလိုအပ်ဆုံးကတော့ ထီးတစ်လက်ပါပဲ။ အရည်အသွေးကောင်းတဲ့ ထီးလေးတစ်လက်ကိုတော့ မဖြစ်မနေဆောင်ထားကြပါနော်။

၂။ တစ်ကိုယ်လုံးလုံတဲ့ မိုးကာအင်္ကျီ


မိုးအရမ်းသည်းတဲ့ အခါမျိုးတွေမှာဆိုရင် ထီးဆောင်းရုံနဲ့မလုံလောက်ပါဘူး။ အဲဒါကြောင့် ပူတူးလေးတွေ အတွက် တစ်ကိုယ်လုံးလုံတဲ့ မိုးကာအင်္ကျီလေးတွေ ဆောင်ထားဖို့ လိုအပ်ပါတယ်။ ကာတွန်းရုပ်လေးတွေနဲ့ ရောင်စုံမိုးကာလေးတွေဆိုရင် ပူတူးလေးတွေလည်း အကြိုက်တွေ့ကြမှာပါနော်။

၃။ သင့်လျော်တဲ့ ဖိနပ်


မိုးတွင်းမှာ လူကြီးတွေအတွက် မိုးတွင်းစီးဖိနပ်လိုအပ်သလို ပူတူးလေးတွေအတွက်လည်း မိုးတွင်းအစီးခံမယ့် ဖိနပ်ကောင်းကောင်းတစ်ရံတော့ မဖြစ်မနေလိုအပ်ပါတယ်။ အထူးဂရုစိုက်ရမှာက ဖိနပ်ဟာမိုးရေစိုခံရုံတင်မက မိုးရေထဲမှာ မချော်တဲ့ ဖိနပ်မျိုးဖြစ်ဖို့လည်း လိုပါတယ်။ အဲဒါမှ ပူတူးလေးတွေ မိုးရေထဲသွားရတဲ့အခါ လုံခြုံမှုရှိ မှာပါ။ မိုးအရမ်းသည်းတဲ့အချိန်ဆိုရင်တော့ ကလေးစီးလည်ရှည်ဖိနပ်မျိုး ပူတူးလေးတွေကို စီးပေးသင့်ပါတယ်။

၄။ အနွေးထည်


မိုးရာသီမှာ ပူတူးလေးတွေနဲ့အပြင်ထွက်မယ်ဆိုရင် သူ့ရဲ့အနွေးထည်အင်္ကျ ီလေးတစ်ထည်လောက် အပိုထည့် ယူသွားသင့်ပါတယ်။ ကျောင်းတက်ရမယ်ဆိုရင်လည်း သူ့ရဲ့လွယ်အိတ်လေးထဲမှာ အနွေးထည်တစ်ထည် ထည့် ပေးလိုက်သင့်ပါတယ်နော်။ မိုးတွင်းက မထင်ရင်မထင်သလို အအေးပိုတတ်တာကြောင့်ပါ။

၅။ ရေမြန်မြန်စုပ်မယ့် ပုဝါလေးတစ်ထည်

ပူးတူးလေးတွေ အပြင်ထွက်တဲ့အခါ ဒါမှမဟုတ် ကျောင်းသွားရတဲ့အခါမှာ အနွေးထည်လိုပဲ ရေစုပ်မြန်တဲ့ သဘက်အသေး ဒါမှမဟုတ် ပုဝါလေးတစ်ထည် ထည့်ပေးထားသင့်ပါတယ်။ မတော်တဆသူ့ခန္ဓာကိုယ်မှာ ရေစို သွားခဲ့ရင် အလွယ်တကူပြန်သုတ်နိုင်အောင်ပါနော်။

၆။ ရေစိုခံလွယ်အိတ်

မိုးရာသီမှာ ပူတူးလေးတွေ ကျောင်းသွားရတော့မယ်ဆိုရင် သူတို့အတွက်မရှိမဖြစ် လိုအပ်တာတစ်ခုကတော့ ရေစိုခံတဲ့ လွယ်အိတ်ပါပဲ။ အဲဒါမှ သူတို့လွယ်အိတ်နဲ့ အထဲက ပစ္စည်းလေးတွေ ရေစိုခြင်းကနေ ကာကွယ်နိုင်မှာ ပါ။ အဲဒီလိုမှမဟုတ်ရင်လည်း ရေစိုခံတဲ့ အိတ်အပိုလေးတွေကို လွယ်အိတ်ထဲ ထည့်ထားပါ။

၇။ ဖြစ်နိုင်ရင် အဝတ်အစားအပို ထည့်ပေးပါ

မိုးရာသီမှာ ပူတူးလေးတွေနဲ့ အပြင်ထွက်ရတဲ့အခါ အဝတ်အစားအပိုတစ်စုံလောက် ဆောင်ထားသင့်သလို၊ သူတို့ကျောင်းသွားရင်လည်း လိုလိုမယ်မယ် အဝတ်အစားအပိုတစ်စုံလောက် ထည့်ပေးလိုက်နိုင်ရင် ပိုကောင်း ပါတယ်နော်။


            

Related Articles

သားသားမီးမီးတို့နှင့် Internet အန္တရာယ်

ချစ်ခြင်းမေတ္တာနဲ့ ဂရုစိုက်မှုများကိုပေးအပ်နိုင်တဲ့ Baby Massage-အပိုင်း(၁)

မိခင်နို့ရည်မှ ရရှိသော အကျိုးကျေးဇူးများ

ငှက်ပျောသီးမှရရှိသော အကျိုးကျေးဇူးများ

ပူတူးလေးတွေ အိပ်ရာထဲ ရှူးပေါက်ချတဲ့အခါ

သက်ငယ်မုဒိမ်းမှုရဲ့ သားကောင်မဖြစ်ရလေအောင်