ချစ်ရင် မကျွေးပါနဲ့ဦး

ဒီနိုင်ငံဟာ ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်တာကြောင့် ကျန်းမာရေးနဲ့ ပတ်သက်တဲ့အသိတွေ၊ ဗဟုသုတတွေဟာလည်း အားနည်းနေဆဲဖြစ်ပြီး ပတ်ဝန်းကျင်က ကြားဖူးနားဝတွေ၊ တတ်ယောင်ကားတွေရဲ့ ပြောစကားတွေကို အဟုတ်မှတ်ပြီး လိုက်လုပ်နေကြဆဲဖြစ်ပါတယ်။ ဒီထဲမှာ တွေ့ရအများဆုံးပြဿနာကတော့ ပူတူးလေးတွေကို ဖြည့်စွက်စာအစောကြီးကျွေးတာပါပဲ။ ၆လပြည့်တဲ့ထိ မိခင်နို့တစ်မျိုးတည်းတိုက်ကျွေးရမယ်ဆိုတာကို တော်တော်များများသိကြပေမယ့် သိပ်မထွားလို့ဆိုပြီး တချို့စိုးရိမ်လွန်ကဲတဲ့မေမေတွေက ဖြည့်စွက်စာတွေကိုပါ အသက် ၆လမပြည့်ခင် ကျွေးတတ်ကြပါတယ်။ ဒီလိုမျိုး ဖြည့်စွက်စာအစောကြီး ကျွေးတာဟာ ပူတူးလေးတွေကို ဆိုးဆိုးရွားရွားထိခိုက်စေပါတယ်။


အထူးသဖြင့် ၄ လဝန်းကျင်အရွယ်လေးတွေမှာ အစာမျိုကြွက်သားတွေ မဖွံဖြိုးသေးတာကြောင့် မျိုချဖို့ အခက်အခဲရှိပါတယ်။ ဒါကြောင့် အစာသီးခြင်း၊ အန်ခြင်း၊ နင်ခြင်းများဖြစ်နိုင်ပါတယ်။ ပြင်းထန်မယ်ဆိုရင် အသက်ရှူခက်ပြီး ရုတ်တရက် အသက်ဆုံးရှုံးနိုင်ပါတယ်။
ဒါ့အပြင် အစာမကြာခဏသီးရင် အသက်ရှူလမ်းကြောင်းကတဆင့် အဆုတ်ထဲ အစာနဲ့ ပိုးဝင်ပြီး ပြင်းထန် အဆုတ်ရောင်ရောဂါကြောင့် အသက်ဆုံးရှုံးနိုင်ပါတယ်။


ဒါ့အပြင် ကိုယ်ခံအား မဖွံ့ဖြိုးသေးတာကြောင့် ကျွေးတဲ့အစာထဲမှာ ရောဂါပိုးနည်းနည်းလေးပါရင်တောင် အလွယ်တကူ ဝမ်းပျက်နိုင်ပါတယ်။ ဝမ်းပျက်ပြီးနောက် အူထဲကပိုးမွှားတွေက နာရီအနည်းငယ်အတွင်း တစ်ကိုယ်လုံး ပျံ့နှံ့သွားပြီး အသက်ဆုံးရှုံးနိုင်ပါတယ်။
မိခင်နို့နဲ့ ဖော်မြူလာနို့က အရွယ်နဲ့လိုက်အောင် လိုအပ်တဲ့အာဟာရပေးပေမယ့်လည်း ဖြည့်စွက်စာစောကျွေးရင် နို့စို့နည်းသွားနိုင်ပါတယ်။ ဒါ့ပြင် သံဓာတ်ချို့တဲ့ပြီး ဦးနှောက်ဖွံဖြိုးမှု နှေးကွေးနိုင်ပါတယ်။


 ဒါကြောင့် မေမေတို့ရဲ့ ရင်နှစ်သည်းချာ ပူတူးလေးတွေကို ချစ်တယ်ဆိုရင် ၆လမပြည့်ခင် မိခင်နို့တစ်မျိုးတည်းပဲတိုက်ပါဆိုတဲ့ ဆရာဝန်တွေရဲ့ ညွှန်ကြားချက်ကို တိတိကျကျလိုက်နာကြပါဗျာ။


Related Articles

ပူတူးလေးတွေနဲ့ အသည်းရောင်အသားဝါဘီပိုး

မွေးကင်းစလေးရဲ့ ဗောက်သန့်ရှင်းရေး

ပူတူးအတွက် အားဆေးဝယ်တော့မယ်ဆိုရင်

မှန်မှန်ဂရုစိုက်ပေးရမယ့် မျက်လုံးကျန်းမာရေး

၁ နှစ်အောက်ပူတူးငယ် လေဖြတ်နိုင်ချေရှိပါတယ်

လျစ်လျူရှုမထားသင့်တဲ့ အကြားအာရုံ