ခေါင်းကိုက်တတ်တဲ့ပူတူးငယ်

ဖေဖေ၊မေမေတို့ရေ
ပူတူးလေးတွေက အကြောင်းအရင်းမရှိ တအားငိုနေတာမျိုးကြုံဖူးလား။
ပူတူးလေးတွေကလည်း လူကြီးတွေလို အခန့်မသင့်တဲ့အခါ ခေါင်းကိုက်တတ်ပါတယ်။ ပူတူးလေးတွေက ခေါင်းကိုက်တာကိုပြောမပြတတ်တာကြောင့် ဖေဖေ၊မေမေတို့က သတိမထားမိတဲ့အခါ ကျန်းမာရေးပြဿနာတစ်ခုခုရှိနေရင်  အခက်တွေ့နိုင်ပါတယ်။

ပူတူးလေးတွေမှာ ခေါင်းကိုက်ရတဲ့အကြောင်းတွေကတော့ အမျိုးမျိုးရှိပါတယ်။ ဒါတွေကတော့
၁။ ရောဂါပိုးဝင်ရောက်ခြင်းနဲ့ နေမကောင်းတာကြောင့် ဖြစ်တတ်ပါတယ်။
ပူတူးလေးတွေက ရောဂါပိုးမွှားတွေနဲ့ အဖျားရောဂါတွေကို မွေးဖွားပြီးတစ်နှစ်အတွင်းမှာ ကြုံတွေ့ရတတ်ပါတယ်။ အများအားဖြင့်တော့ အအေးမိ၊ချောင်းဆိုး၊ တုပ်ကွေးနဲ့ နားရောဂါပိုးတွေကြောင့် ဖြစ်တတ်ပါတယ်။  ဦးနှောက်အမြှေးရောင်ရောဂါတွေကြောင့်လည်း ပူတူးလေးတွေမှာ ခေါင်းကိုက်တတ်ပါတယ်။

၂။ခေါင်းမှာထိခိုက်ဒဏ်ရာရတဲ့အခါ ခေါင်းကိုက်တတ်ပါတယ်။
ပူတူးလေးတွေက တစ်နေရာရာကပြုတ်ကျတဲ့အခါ၊ ချော်လဲတဲ့အခါ ခေါင်းကိုထိခိုက်မိသွားရင် ခေါင်းကိုက်တတ်ပါတယ်။ မတော်တဆမှုကို ပြင်းထန်တာ၊ မပြင်းထန်တာပေါ်မူတည်ပြီး ထိခိုက်မှုကြီးမားနိုင်တာကြောင့် ဆရာဝန်ထံမှာသွားရောက်စစ်ဆေးမှုခံယူသင့်ပါတယ်။

၃။မျိုးရိုးဗီဇကြောင့်လည်း ဖြစ်တတ်ပါတယ်။
တစ်ချို့ပူတူးလေးတွေမှာတော့ မိသားစုထဲမှာခေါင်းကိုက်ရောဂါရှိရင် မျိုးရိုးလိုက်ပြီး ခေါင်းကိုက်တတ်ပါတယ်။

၄။သူစိမ်းတွေနဲ့အထိအတွေ့များတဲ့အခါလည်း ပူတူးလေးတွေမှာ ခေါင်းကိုက်တတ်ပါတယ်။
ပူတူးလေးတွေက သူစိမ်းတွေနဲ့အထိအတွေ့များတဲ့အခါ စိတ်ရှုပ်တာ၊ စိတ်ဖိစီးတာတွေ ဖြစ်တတ်ပါတယ်။ ဒါတွေရဲ့ဘေးထွက်ဆိုးကျိုးအနေနဲ့ ပူတူးလေးတွေက ခေါင်းကိုက်တတ်ပါတယ်။

၅။ဦးနှောက်မှာ ပြဿနာတစ်ခုခုရှိနေတဲ့အခါ ခေါင်းကိုက်တတ်ပါတယ်။
ရှားပါးကိစ္စတွေပေမယ့် ပူတူးလေးတွေမှာ ဦးနှောက်အကျိတ်တွေနဲ့ ဦးနှောက်သွေးယိုစိမ့်တာတွေ ဖြစ်လာတဲ့အခါ ဦးနှောက်ရဲ့တစ်ချို့နေရာတွေကို ဖိစီးမိပြီး ပြင်းပြင်းထန်ထန်ခေါင်းကိုက်စေတတ်ပါတယ်။ ပူတူးလေးတွေက ခေါင်းတအားကိုက်တဲ့အပြင် လေးလံထိုင်းမှိုင်းနေတာ၊ အမြင်အာရုံဝေဝါးနေတာတွေရှိရင် ဆရာဝန်ဆီချက်ချင်းပြသသင့််ပါတယ်။

ပူတူးလေးတွေမှာခေါင်းကိုက်တဲ့ရောဂါအမျိုးအစားပေါ်မူတည်ပြီး တခြားလက္ခဏာတွေဖြစ်တတ်ပါတယ်။ မိုင်ဂရိန်းလို ခေါင်းတစ်ခြမ်းကိုက်တဲ့ရောဂါမျိုးမှာတော့ အော့အန်ခြင်း၊ ဗိုက်အောင့်ခြင်း၊ အလင်းရောင်စူးစူး၊အသံစူးစူးတွေကို မခံနိုင်ခြင်း၊ ခေါင်းကိုညွှန်ပြနေခြင်း စတဲ့လက္ခဏာတွေပြတတ်ပါတယ်။ စိတ်ဖိအားကြောင့်ခေါင်းကိုက်နေရင်တော့ ဆက်တိုက်ကိုက်ခဲနေတာ၊ ခေါင်းတစ်ခုလုံးကိုက်ခဲနေတာမျိုးကြုံရတတ်ပါတယ်။ တခြားခေါင်းကိုက်ရောဂါကြောင့်ဆိုရင်တော့ ၃နာရီ ခြားတစ်ခါ ၁၅မိနစ်တစ်ခါ ကိုက်တတ်ပြီး နှာစေးတာ၊ နှာပိတ်တာတွေဖြစ်တတ်ပါတယ်။

ပူတူးလေးတွေမှာ ညဘက်လုံးဝမအိပ်ခြင်း၊ ပူတူးလေးတွေက စိတ်ရှုပ်တဲ့ပုံစံပြနေခြင်း၊ ဖျားနာခြင်း၊ ခေါင်းကိုက်တာကပြင်းထန်လာတဲ့ပုံစံသတိထားမိခြင်း၊ ခေါင်းကိုတစ်ခုခုခိုက်မိခြင်း၊ ဆက်တိုက်အော့အန်ခြင်းတွေ ဖြစ်လာရင်  ဆရာဝန်ဆီအမြန်ဆုံးသွားသင့်ပါတယ်နော်။

ဖေဖေ၊မေမေတို့လည်း ဒီအကြောင်းအရာလေးတွေကို ဖတ်ရှုပြီးကျန်းမာရေးဗဟုသုတတွေ ရရှိနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Related Articles

ကလေးငယ်တွေ နေ့လယ်ဘက်ဘာကြောင့် အိပ်စက်ဖို့လိုတာလဲ

နို့တိုက်မိခင်မှာ တီဘီရောဂါရှိနေမယ်ဆိုရင်

ပူတူးလေးကို နားဖာချေး ကလော်ပေးမှာလား

မွေးကင်းစလေးတွေဟာကိုရိုနာဗိုင်းရပ်စ်ကူးစက်နိုင်ခြေ ပိုမြင့်လား???

ကြိုတင်ကာကွယ် ဝက်သက်အန္တရာယ်

ပူတူးတို့အတွက် ဗီတာမင် D